Skip to main content

Bamboo Delight စာကြည့်တိုက်ဆိုတာ ဘာလဲ?

 

 A story published at Bamboo Delight Magazine

Minn Myoh Minn Oo


Bamboo Delight library သည် Bamboo Delight Summer School နှင့်အတူ ၂၀၁၃ မှာ စတင်ဖွင့်လှစ်ခဲ့ပါသည်။ တည်ထောင်သူ မပူဆူးက “ကျွန်မကိုယ်တိုင်က စာဖတ်တာဝါသနာပါလို့၊ စာအုပ်တွေကိုချစ်လို့၊ စုရင်း စုရင်းကနေ တဖြေးဖြေးများလာရင် libraryလေးတစ်ခု ဖွင့်မယ်ဆိုပြီး အရင်ကတည်း စိတ်ကူးခဲ့တာပါ။ ကျွန်မကဲ့သို့ စာအုပ်ချစ်တဲ့သူတွေ၊ စာဖတ်ဝါသနာပါတဲ့သူတွေ တစ်နေရာထဲမှာ စုပြီး စာဖတ်လို့ရစေရန်၊ ပြီးတော့ ကျွန်မချစ်တဲ့ စာအုပ်လေး​တွေ တစ်နေရာထဲမှာ စုပြီး မြင်ရမယ်ဆိုတဲ့ စိတ်ကူးနဲ့ စာကြည့်တိုက်လေး ဖွင့်မယ်လို့” ရည်ရွယ်ပြီး ဖွင့်လှစ်ဖြစ်ခဲ့ပါသည်။”


“နောက်တစ်ခုက ကလေးတွေကို စာဖတ်စွမ်းရည် မြင့်စေချင်တယ်။ ဘာလို့လည်းဆိုတော့ ကျွန်မကိုယ်တိုင်က ပညာရေးကို ဆုံးဆန်းတိုင်အောင် မသင်ခဲ့ရဘူး။ ကိုယ်တကယ် အားပြုခဲ့ရတာက စာဖတ်တာမို့၊ အဲဒီစာဖတ်တဲ့ အကျိုးတွေက ကိုယ့်မိသားစုမှာရော ပတ်ဝန်းကျင်မှာပါ သူများနှင့် မတူတဲ့ အတွေးအခေါ်ကောင်းတွေ တွေးနိုင်လာတယ်။ ကိုယ်နဲ့ ရွယ်တူတွေ မလုပ်နိုင်တာတွေကို လုပ်နိုင်လာတယ်၊ စိတ်ဓာတ်အဆင့်အတန်း မြင့်လာတယ်။ စာဖတ်ခြင်းကြောင့် အမှားအမှန်သိလာပြီး အကျိုးအကြောင်းဆင်ခြင်နိုင်စွမ်း ရှိလာတယ်။ လူအများကို အထောက်အကူ ပြုလာနိုင်တယ်။ အဲလို့ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို နားလည်သဘောပေါက်တာကြောင့် စာကြည့်တိုက်လေးတစ်ခု ဖွင့်ချင်ခဲ့တာပါ။ ပြီးတော့ လူမှုပတ်ဝန်းကျင်အတွက် စာဖတ်ဝါသနာပါတဲ့ ကလေးတွေရော၊ ဝါသနာမပါတဲ့ ကလေးတွေရောကို စာဖတ်စေချင်တဲ့ ဆန္ဒနဲ့ ကိုယ်ပိုင်စာကြည့်တိုက်ကြည့်တိုက်လေးဖွင့်တာပါ။” 

Bamboo Delight Library

“၂၀၁၃ လောက်မှာ စာကြည့်တိုက်မှာ စာအုပ်အရေအတွက်က (၁၀၀) တောင် မပြည့်သေးဘူး။ စာကြည့်တိုက်နေရာကို အိမ်ထဲက ဗီဒီရိုလေးထဲမှာ စာအုပ်လေးတွေ စီထည့်ပြီး စဖွင့်ခဲ့တယ်။ အဲဒီအချိန်မှာ နိုင်ငံခြားသားတွေကို ကိုယ်က စာအုပ်လေးတွေကို ချစ်တဲ့အကြောင်း၊ တွေ့သမျှ စာအုပ်လေးတွေ သိမ်းထားတတ်တဲ့အကြောင်း ပြောပြမိတော့ သူတို့ကလည်း စာအုပ်တွေကို လက်ဆောင်ပေးတယ်။ အဲဒီလိုနဲ့ စာအုပ် (၁၀၀) ကျော်နဲ့ စာကြည့်တိုက်လေးတခု ဖြစ်လာတယ်။ အခုဆိုရင် စာအုပ်ပေါင်း (၄၀၀၀) ကျော်၊ (၅၀၀၀) ကျော်  နီးပါးရှိလာပါပြီ။ (၉) နှစ်အတွင်း စာကြည့်တိုက်က အများကြီး တိုးတက်လာတာပါ။ စာအုပ်အများစုက ကိုယ်တိုင်လစဉ် ဝယ်ယူတာတွေရှိသလို၊ မိတ်ဆွေတွေ နိုင်ငံခြားသားတွေ လက်ဆောင်ပေးတာတွေရော၊  နိုင်ငံအတွင်းရှိ လူမှုအဖွဲ့အစည်းတွေကနေ လှမ်းလှူပေးတာတွေကော ရှိပါတယ်။”


စာကြည့်တိုက်မှာ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ အစုံရှိပါသည်။ စာကြည့်တိုက်လေးကို တည်ထောင်သူ မဆူး၏ အိမ်အပေါ်ထပ်မှာ နေရာချထားပေးပါသည်။ စာကြည့်တိုက်မှာ စာပုံမှန်လာဖတ်သည့် စာဖတ်သူဦးရေသည် (၁၅၀) ယောက် ရှိပါသည်။ ၂၀၂၀ ခုနှစ်မှစ၍ ကိုဗစ်ရောဂါနဲ့နိုင်ငံရေးအကြပ်အတည်းတွေကြောင့် ကလေးတွေက စာကြည့်တိုက်ကို အလာနည်းပြီး၊  စာလာဖတ်တဲ့ ကလေးတွေ (၁၀၀) လောက်သာ ကျန်လာပါသည်။ စာဖတ်သူများတွင် (၇)နှစ်အရွယ် ကလေးမှစ၍ အသက်အကြီးဆုံး (၆၀) အထိရှိပါသည်။ စာလာဖတ်သည့်သူများမှာ ထူးထူးခြားခြား အသက်(၆၀)အရွယ် အိမ်ထောင်ရှင်အမျိုးသမီးများလည်း ရှိပါသည်။ အိမ်အလုပ်တွေမရှိတဲ့အချိန် ဖုန်းကြည့်၊ ဖုန်းသုံးမလုပ်ဘဲ၊ တခြားအလုပ်တွေ မလုပ်ဘဲ၊ စာကြည့်တိုက်မှာ စာလာဖတ်ကြပါသည်။ 

စာကြည့်တိုက်အား ကျောင်းသားကျောင်းသူများမှ ကူညီသန့်ရှင်းပေးလေ့ရှိပါတယ်

၂၀၁၃ မှစလို့ လေ့လာစောင့်ကြည့်လာကာ ကလေးတွေ အင်မတန် စာဖတ်စွမ်းရည်မြင့်လာသလို ဗဟုသုတတွေ တိုးတက်လာပါသည်။ စာကြည့်တိုက်စဖွင့်စဉ် စာဖတ်သူတစ်ဦးကို (၃)အုပ်သာ ငှားခွင့်ပေးထားသော်လည်း၊ နောက်ပိုင်း စာအမှန်တကယ်ဖတ်ရှုလေ့လာသူ လူငယ်များ၊ အမျိုးသမီးများ ရှိလာသည့်အတွက် ကြိုးစားမှုကို အသိအမှတ်ပြုသည့်အနေဖြင့် တစ်ဦးကို (၅) အုပ်ကနေ (၁၀) အုပ်အထိ စိတ်ကြိုက်ငှားခွင့်ပြုလိုက်ပါသည်။ အမှန်တကယ်စာဖတ်သူတွေက နောက်ပိုင်း သူတို့ဖတ်ချင်တဲ့ စာအုပ်တွေကို တောင်းဆိုလာကြပါသည်။ ဤအချက်သည် စာကြည့်တိုက် စဖွင့်သည်မှစ၍ ထူးထူးခြားခြား ပြောင်းလဲလာသည့် အချက်ကောင်းတစ်ခုဖြစ်ပါသည်။ ကျွန်မကည်း သူတို့တောင်းဆိုသည့် စာအုပ်များကို မရမက ရအောင် ရှာဖွေဝယ်ယူပေးပါသည်။ 


စာကြည့်တိုက်ဖွင့်ရက်ကိုလည်း ပုံမှန် စနေ၊တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်ပေးပါသည်။ စာကြည့်တိုက်ပိတ်ရက်ဟူ၍ မရှိပါ။ စာကြည့်တိုက်က ကိုယ့်အိမ်မှာတင် ရှိတာလည်း ဖြစ်သလို အိမ်ကို အမြဲလာတဲ့ ကလေးတွေအတွက်ကလည်း စာကြည့်တိုက်ပေါ်တိုက်ပြီး စာဖတ်ခွင့်က အမြဲရှိတယ်၊ အိမ်ကို အမြဲလာတဲ့ကလေးတွေအတွက်ကလည်း စာကြည့်တိုက်အပေါ်တက်ပြီး စာဖတ်ခွင့်ကအမြဲရှိတော့ စာကြည့်တိုက်ကဘယ်တော့မှမပိတ်ပါဘူး။ ကိုဗစ်ရောဂါနှင့် နိုင်ငံရေးအကြပ်အတည်းတွေ ဖြစ်လာသောအခါ ပုံမှန်ဖွင့်နေကျ စနေ၊တနင်္ဂနွေနေ့များမှာ ပုံမှန် ဖွင့်လှစ်မပေးဖြစ်ခဲ့ပါ။ ကလေးတွေကလည်း အပြင်မထွက်ကြတော့ပါ။ 

သို့သော်လည်း ကျွန်မကိုယ်တိုင် ဦးဆောင်ပြီး စာဖတ်ချင်တဲ့ မိတ်ဆွေတွေ ကလေးတွေကို သူတို့ဖတ်ချင်တဲ့ စာအုပ်တွေကို သူတို့မှာတဲ့အတိုင်း အိမ်တိုင်ရာရောက် လိုက်ပို့ပေးခဲ့ပါသည်။ Lock down မိတဲ့ နိုင်ငံခြားသားတွေကိုလည်း သူတို့တည်းခိုတဲ့ ဟိုတယ်တွေကို စာအုပ်တွေ လိုက်ပို့ပေးခဲ့ပါသည်။ ညောင်ရွှေအချုပ်ခန်းမှာ အချုပ်ကျနေတဲ့ အချုပ်သားတွေကိုလည်း သူတို့ဖတ်ချင်လောက်တဲ့ စာအုပ်တွေ ကောင်းနိုးရာရာလေးတွေ ရွေးပြီး အချုပ်ခန်းထိ စာအုပ်များကို သွားရောက်ငှားရမ်းခဲ့ပါသည်။ 

ယခုဆိုရင် စာကြည့်တိုက်သည် နွေရာသီသင်တန်းကျောင်းနှင့်အတူ ယခုနှစ် ၂၀၂၃၊ မတ်လ (၁၃) ရက်နေ့မှာ (၁၀) ပြည့်မည်ဖြစ်သည့်အတွက် ဂုဏ်မယူဆုံးဖြစ်ပါသည်။ စာကြည့်တိုက်ကို ရေရှည် တည်တံ့နိုင်အောင် ဆက်လက်ကြိုးစားသွားမည်ဟု ကတိကဝတ်ပြုပါသည်။